Shwe Dagon

Shwe Dagon

Monday, December 21, 2015

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးစီမံချက်


၂၀၁၀ ခုနှစ် နိုဝင်ဘာလ အကုန်မှာ တစ်စုံတစ်ယောက်၏ တောင်းဆိုချက်အရ အောက်ပါ စီမံချက် ကိုရေးသားပေးပို့ခဲ့ပါသည်။ အမှတ်တရပြန်လည်တင်ပြလိုက်ပါသည်။



ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးစီမံချက်
သတင်း
၁။ မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မသမာသူ လူတစ်စုသည် နည်းမျိုးစုံဖြင့် လုပ်ကြံသတ်ဖြတ်ရန်၊ ကြံရွယ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
၂။ မသမာသူလူတစ်စုသည် ဒေါ်အောင်ဆန်းစုကြည် ဟောပြောနေစဉ်၊ သွားလာနေစဉ်၊ အနားယူနေစဉ်၊ အစား အသောက်စားနေစဉ်စသည်ဖြင့် အခြေအနေများတွင်၊ လုပ်ကြံသတ်ဖြတ်ရန် ကြံရွယ်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
ရည်မှန်းချက်
၃။ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအန္တရာယ်မကျရောက်စေရေး အသက်ပေးကာကွယ်ရမည်။
လုပ်နည်း
၎။ အကြမ်းမျဉ်းစီမံချက်
       (က) အနီးကပ်လုံခြုံရေး
       (ခ) အတွင်းစည်းလုံခြုံရေး
(ဂ) အပြင်စည်းလုံခြုံရေး
၅။ အသေးစိပ်စီမံချက်  
(က) အနီးကပ်လုံခြုံရေး။   ။ အနီးကပ်လုံခြုံရေးကို အနည်းဆုံး လုံခြုံရေးတာဝန်ယူသူ (၆)ဦးဖြင့် လုပ်သင့် ပါသည်။ တာဝန်ယူမည့် လုံခြုံရေးသမားများသည် ခန္ဓာကိုယ်ကြံ့ခိုင်ပြီး လျင်မြန်သွက်လက်ခြင်း၊ လိမ္မာ ပါးနပ်ခြင်း၊ အကင်းပါးခြင်း၊ စူးစမ်းလိုစိတ်ရှိခြင်း၊ ကိုယ်လုံပညာ တက်ကျွမ်းခြင်းအစရှိသည့် အရည် အချင်းများရှိသင့်ပါသည်။ အနီးကပ်လုံခြုံရေးသမားများသည် ဒေါ်အောင်ဆန်းစုကြည်အား (၂၄)နာရီ ပတ်လုံး တာဝန်ထမ်းဆောင်ရမည်။
(ခ) တာဝန်ဝတ္တရားများ ။   ။ လုံခြုံရေးခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်၏ အနီးဆုံးနေရာတွင် အမြဲ ရှိရမည်။ လုံခြုံရေးအန္တရာယ်ကျသည်နှင့် အသက်ပေးကာကွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဘေးကင်းရာသို့ ပို့ပေးရမည်။ ကျန်အနီးကပ်လုံခြုံရေးသမား (၅)ဦးသည် ရှေ့တွင် (၁)ဦး၊ ဘေးတွင် (၂)ဦး နောက်တွင် (၂)ဦး ဖြန့်ကြက်နေရာယူထားရမည်။ အနီးကပ်လုံခြုံရေးသမားများသည် ဒေါ်စု ပြည်သူလူထုနှင့်တွေ့ဆုံစဉ်တွင် အနီးရှိပြည်သူများ၏ မျက်လုံးနှင့် လက်ကိုအထူးဂရုစိုက်ကြည့်ရမည်။ အန္တရာယ်ပေးနိုင်မည့်သူ၏ သွင်ပြင်လက္ခဏာ သည်မျက်လုံးနှင့် လက်ကိုကြည့်ခြင်းဖြင့် ခန့်မှန်းနိုင်ပါသည်။ ယာဉ်ပေါ်မှအဆင်းနှင့် အတက်များတွင် အနီးကပ် လုံခြုံရေးသမားများ၏ အကာကွယ်နှင့်သာ ဒေါ်စုအဆင်းအတက်ပြုလုပ်ရမည်။ အနီးကပ်လုံခြုံရေးခေါင်းဆောင်သည် ဒေါ်စုစီးသည့်ကား၏ ရှေ့ခန်းတွင်ထိုင်ရမည်။ အနီးကပ်လုံခြုံရေးသမားများသည် ဒေါ်စု အစားအသောက်မစားမှီ၊ အစားအသေက်များကိုစစ်ဆေးပြီး ကျွေးသင့်သည်။ ဒေါ်စုအိပ်စက်အနားယူနေစဉ်တွင် အနီးကပ်လုံခြုံရေးသမားသည် အလှည့်ကျ အိပ်ဖန်စောင့် ကင်းချရမည်။
(ဂ) အတွင်းစည်းလုံခြုံရေး ။      ။ အတွင်းစည်းလုံခြုံရေးကို အင်အားများများသုံးနိုင်လျှင် ကောင်းမွန်ပါသည်။ မိမိတို့ တာဝန်ယူရမည့်နေရာဒေသများကို ကြိုတင်လေ့လာထားမှုများ ပြုလုပ်ဖို့လိုပါသည်။ နယ်မြေခံ မိမိပါတီဝင်များနှင့် ထိတွေ့ပြီး အဆိုပါနယ်မြေသို့ ဒေါ်စုမသွားမှီ ကြိုတင်လေ့လာပြီး မည်သူမည်ဝါ မည်သည့်နေရာတို့သည် ဒေါ်စုအတွက် အန္တရာယ်ရှိနိုင်ကြောင်းတို့ကို လေ့လာပြီး၊ ကွပ်ကဲမှုသို့ တင်ပြရမည်။ လိုအပ်လျင်ဒေါ်စုမသွားမှီ အဆိုပါနေရာသို့ ကြိုတင်သွားရောက် ညအိပ် နေရာယူသင့်ပါသည်။ မျက်စိ၊ နား ဖွင့်လှစ်ပြီး လုံခြုံရေး အန္တရာယ်သတင်းများကိုစုဆောင်းနေရပါမည်။ မိမိလုံခြုံရေးတာဝန်ထမ်းဆောင်ရမည့်နယ်မြေများတွင် မိမိသတင်းပေး များများမွေးမြူထားသင့်သည်။
(ဃ) တာဝန်ဝတ္တရားများ။  ။ ဒေါ်စု၏နေအိမ် သွားလာလှုပ်ရှားစဉ် လှုပ်ရှားမှုအားလုံးတွင် အတွင်းစည်း လုံခြုံရေးတာဝန်ယူသူများသည် ဒေါ်စုနှင့်လက်တစ်ကမ်းအကွာတွင်ရှိရမည်။ ဒေါ်စု၏ နေအိမ်ခြံဝန်းသို့ အန္တရာယ် ပြုမည့်သူများ မ၀င်ရောက်နိုင်ရန် လုံခြုံရေးကင်းသမားများ သင့်တော်သလို နေရာချထားရမည်။ ဒေါ်စု ပြည်သူ လူထုနှင့် တွေ့ဆုံနေစဉ် လူအုပ်အတွင်း ပြည်သူနှင့်ရောနှော လုံခြုံရေးတာဝန်ယူရမည်။ အဖျက်သမားအား တွေ့ပါက၊ လျင်မြန်စွာဖမ်းဆီးအရေးယူနိုင်ရမည်။ ဒေါ်စု၏ရှေ့မှနေ အချိန်ပိုင်း၊ နာရီပိုင်း၊ ညအိပ်၎င်း၊ ကြိုတင်နေရာယူပေးရမည်။ အတွင်းစည်းလုံခြုံရေးခေါင်းဆောင်သည် ကွပ်ကဲမှု နှင့် အဆက်အသွယ်မပြတ်ရှိရမည်။
(င) အပြင်စည်းလုံခြုံရေး ။ ။ အပြင်စည်းလုံခြုံရေးသမားများသည် ပြည်တွင်းပြည်ပ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ကြည်ညို လေးစားသူများဖြစ်ကြပါသည်။ ၄င်းတို့ထံမှ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအန္တရာယ်နှင့် ပတ်သတ် ပေးပို့ထားသောသတင်းများကို ကွပ်ကဲမှုဌာနမှ သတင်းများကိုစုဆောင်းပြီး၊ သတင်း၏မှန်ကန်မှုနှင့် အခြေမြစ်များကို အကဲဖြတ် အနက်ကောက်တည်ဆောက်ပြီး၊ အသုံးပြုနိုင်ရန် လုံခြုံရေးသမားများကို ချပြပြီး ညွှန်ကြားချက် များပြုလုပ်ရမည်။
(စ) တာဝန်ဝတ္တရားများ ။   ။ ဒေါ်အောင်ဆန်းစုကြည်ကိုချစ်ခင်သူများသည် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့်ပတ်သက် ရရှိသည့်မည်သည့်သတင်းမဆို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဒေါ်အောင်ဆန်း စုကြည် သိရှိနိုင်ရန် ကြိုတင် ဆက်သွယ်ရေးနည်းလမ်းပေါင်းစုံဖြင့် သတင်းပို့ရမည်။ ဒေါ်စု၏ လုံခြုံရေးကို တာဝန်ယူသည့် ကွပ်ကဲမှုအဖွဲ့သည်ရရှိထားသောသတင်းများကိုစီစစ် သက်ဆိုင်ရာတာဝန်ရှိသူများကိုအစဉ်အမြဲသတင်းပို့နေရမည်။



အုပ်ချုပ်မ
၆။ အနီးကပ်လုံခြုံရေးသမားများအတွက် ဒေါ်စုအားခုခံကာကွယ်မှုပေးနိုင်ရန် ချပ်ဝတ်တန်စာနှင့် ခုခံကာကွယ်နိုင်မည့် ပစ္စည်းများစီစဉ်ပေးရမည်။
၇။ အတွင်းစည်းလုံခြုံရေးသမားများအတွက် အရေးပေါ်ဆက်သွယ်နိုင်မည့် ဆက်သွယ်ရေးစနစ်များ စီစဉ်ပေးရမည်။
၈။ အပြင်စည်းလုံခြုံရေးမှ ပေးပို့ထားသောသတင်းများကို စီစစ်နိုင်ရန်လုံခြုံရေးကွပ်ကဲမှု အဖွဲ့ဖွဲ့ပေးရမည်။
၉။ လုံခြုံရေးသမားများအားလုံး ပေါင်းစပ်ညှိနှိုင်း လုံခြုံရေးရယူနိုင်ရန် နေ့စဉ်လုံခြုံရေးသတင်းဖလှယ်သည့် အစည်းအဝေးပြုလုပ်ပေးရမည်။
ဆက်သွယ်မှု
၁၀။ လုံခြုံရေးတာဝန်ယူသူအချင်းချင်း၊ ဆက်သွယ်နိုင်ရန် လိုအပ်သောဆက်သွယ်ရေး ကိရိယာများကို စီစဉ်ပေးသင့်သည်။


ဗိုလ်မှုးအောင်လင်းထွဋ်
(လုံခြုံရေးစီမံချက်ရေးသူ)

နေ့စွဲ ။     ။၂၀၁၀ခုနှစ် နိုဝင်ဘာလ (၂၀)ရက်
နေရာ။      ။ ၀ါရှင်တန်ဒီစီ

No comments:

Post a Comment