Shwe Dagon

Shwe Dagon

Monday, July 21, 2014

မြန်မာပြည်စီးပွါးရေး ပိတ်ဆို့ရေး Economic Sanction ရဲ့ တရားခံ ဘယ်သူလဲ (ရေးသူ - ဗိုလ်မှူး အောင်လင်းထွ​ဋ်)



Sunday, July 20, 2014
မြန်မာပြည်စီးပွါးရေး ပိတ်ဆို့ရေး Economic Sanction ရဲ့ တရားခံ ဘယ်သူလဲ (ရေးသူ - ဗိုလ်မှူး အောင်လင်းထွဋ်)
မြန်မာပြည်စီးပွါးရေး ပိတ်ဆို့ရေး Economic Sanction ရဲ့ တရားခံ ဘယ်သူလဲ (ရေးသူ - ဗိုလ်မှူး အောင်လင်းထွဋ်)

22 July 2014
ဒု-ဝန်ကြီးဦးရဲထွဋ်နဲ့ RFA တွေ့ဆုံမေးမြန်းခန်းရုပ်-သံမှာ ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်နဲ့သဘောကွဲလွဲတာရှိတယ်ဆိုပြီး စီးပွါးရေး ပိတ်ဆို့ရေး Economic Sanctionပိတ်ဖို့ ကို ဒေါ်အောင်ဆန်းစုကြည်က လှုံ့ဆော်တယ်ဆိုပြီးစွတ်စွဲပြောဆိုသွားတယ်..Sanction ဖြစ်ရတဲ့အကြောင်းရင်းက အရင်စစ်အစိုးရလက်ထက်ကနေခုထက်ထိ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေ .ပြည်တွင်းတိုင်းရင်းသားဒေသစစ်ပွဲတွေ ကြောင့်အနောက်နိုင်ငံတွေကချတာပါ..

ဗိုလ်မှူး အောင်လင်းထွဋ်၂၀၁၁ခုနှစ်က ရေးတဲ့စီးပွါးရေး ပိတ်ဆို့ရေး Economic Sanction ရဲ့ တရားခံ ဘယ်သူလဲဆိုတာဖတ်ကြည့်ပါ...

တကယ်တရားခံ အစစ်အမှန်ဟာ နိုင်ငံတကာတရားရုံးကို ရှောင်တိမ်းဖို့ တပ်မတော်ကို လူသတ်၊ မုဒိန်းကျင့် မတရားမှု များကို လုပ်ဆောင်ဖို့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အမိန့်ပေးနေတဲ့ ပေးခဲ့သော တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပဲ ဖြစ်ပါတယ်။


ပထမ ၁၉၉၇ စီးပွါးရေး ပိတ်ဆို့ရေး Economic Sanction အ ကြောင်းနဲ့ ပတ်သက်ပြီးပြောရရင် ၁၉၉၆ ခုနှစ် စစ်ရုံးချုပ်မှာလုပ် ခဲ့တဲ့ လေးလပတ်အစည်းဝေးမှာ ဒေသခံတိုင်းမှူး၊ တပ်မမှူးတွေ ကို ညွှန်ကြားခဲ့တာပါ။ ရန်သူလှုပ်ရှားမှုရှိတဲ့ အညိုရောင်နယ်မြေ တွေမှာ ကျေးရွာတွေကို စုစည်းဖို့ နေရာပြောင်းရွှေ့ခိုင်းတဲ့အခါ ရွာသူရွာသားများက မပြောင်းရွှေ့ပေးနိုင် ကြောင်း အာခံရာမှ ဒေါသထွက်ပြီး အစိတ်သားတောင်မချန်နဲ့၊ အမိန့်ကိုအာခံရင် ရွာတွေရော ရွာသားတွေရော အကုန်ရှင်းပစ်ဆိုတဲ့ ညွှန်ကြား ချက်ရဲ့ နောက်ဆက်တွဲ ရလာဒ်အနေနဲ့ ပိတ်ဆို့ရေး Sanction ဆိုတာ ဖြစ်လာရတာပါ။

၁၉၉၆၊ ၁၉၉၇ က စပြီး စစ်တပ်ဟာ တိုင်းရင်းသားနယ်မြေတွေ မှာ လူသတ်၊ မုဒိန်းကျင့်မှုများ အပါအဝင် မတရားမှုများကို အ မိန့်ရ လုပ်ပိုင်ခွင့်ရခဲ့သလို ဖြစ်လာခဲ့တာပါ။ ရေဗူးပေါက်တာမလို ချင် ရေပါတာပဲလိုချင်တယ်ဆိုတဲ့ စကားလုံးကို လက်ကိုင်ထား ပြီး အရပ်သားတွေအပေါ် လုပ်ချင်တာလုပ် အရေးယူမှု တစုံတ ရာ မရှိတော့ပါ။

……..

အဲဒီအချိန်မှာ အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Ms Meldrine Albright (နိုင်ငံခြားရေးဝန်ကြီး ၁၉၉၇-၂၀၀၀) မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပါတယ်။ Ms Meldrine Albright ဟာ မြန်မာနိုင်ငံအတွင်း သွားရောက်လေ့လာစဉ် ပြည်သူလူထုနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီးနောက် မြန်မာနိုင်ငံမှ မပြန်မီ နဝတ အစိုးရခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံစဉ် နဝတရဲ့ အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ရာ က ပြင်းပြင်းထန်ထန် တဖက်နှင့်တဖက် စကားများခဲ့ကြပါတယ်။ NLD ကလဲ လူ့အခွင့်အရေးချိုးဖေါက်မှုနှင့်ပတ်သက်၍ Ms Meldrine Albright ကို ပြောကောင်းလည်း ပြောနိုင်ပါတယ်။

အဲ့ဒီ Meeting မှာ Ms Meldrine Albright ဟာ မကျေမနပ် တော်တော်ဖြစ်သွားကြောင်းကို လျှို့ဝှက် အသံဖမ်းထားတဲ့ တိတ်ခွေတွေကို ပြန်လည်နားထောင်ရတာကြောင့် သိခဲ့ရပါတယ်။ Ms Meldrine Albright မြန်မာနိုင်ငံမှ မပြန်မီ ရန်ကုန် လေဆိပ်ရောက်တော့ လုံခြုံရေးအဖြစ် ခရီးစဉ်တလျောက်လုံးလိုက်ပါခဲ့ရတဲ့ ထောက်လှမ်းရေး အရာရှိတယောက်ကို Ms Meldrine Albright ရဲ့ အဖွဲ့ဝင်တယောက် ပြောသွားတာက “မင်းတို့ခေါင်းဆောင်တွေက မင်းတို့ပြည်သူတွေအပေါ် တော်တော်ရက်စက်တာပဲ၊ ဒီအဖွားကြီးက USA ရဲ့ လာမယ့် Election မှာ Secretary of State (နိုင်ငံခြားရေးဝန်ကြီး) ဖြစ်ဖို့များတယ်၊ သူဖြစ်လာရင်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တွယ်လိုက်မယ်ထင်တယ် ဘယ်နိုင်ငံကမျှ သူ့ကို ရိုင်းရိုင်း စိုင်းစိုင်း ဒီလို မဆက်ဆံခဲ့ဘူး” လို့ ပြောခဲ့တယ်။

ေေ  နောက်ဆုံး အားလုံးသိခဲ့ကြတဲ့အတိုင်း ၁၉၉၇ ခုနှစ်ခုမှာ Ms Meldrine Albright ဟာ အမေရိကန်နိုင်ငံရဲ့ Secretary of State (နိုင်ငံခြားရေးဝန်ကြီး) ဖြစ်လာပြီး မကြာခင်မှာဘဲ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် New Investment ရင်းနှီးမြုပ်နှံမှုအသစ် ထပ်မလုပ်ရဆိုတဲ့ ၁၉၉၇ ပိတ်ဆို့ရေး (Sanction) ချခံရတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကြောင့်ဆိုပြီး နိုင်ငံရေးပါတီများနဲ့ တတိယအုပ်စု Third Party တွေက ဘုမသိ ဘမသိ စွပ်စွဲနေတာကတော့ မတရား ဘူးထင်တယ်။ ဒါကြောင့် ၁၉၉၇ ပိတ်ဆို့ရေး Sanction ရဲ့ အဓိက တရားခံဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပဲ ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာ စီးပွါးရေး ပိတ်ဆို့ရေး Economic Sanction ချမှတ်ခံရတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘာပြောခဲ့လဲ၊ ရီ တာပေါ့ဆိုပြီး အမေရိကန်အစိုးရကို ဟားခဲ့သေးတာလေ။ အဲဒီတုန်းက သဘာဝဓါတ်ငွေ့ ပိုက်ဆံမရသေးလို့ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ မိသားစုရဲ့ ကြွယ်ဝချမ်းသာမှုက ဘာမှသိပ်မရှိသေးဘူး။ ဒီ ပိတ်ဆို့ရေး Sanction ကို နိုင်ငံရေးလက်နက်အ နေဖြင့် သုံးဖို့တောင် ညွှန်ကြားခဲ့သေးတာပဲ။ မြန်မာနိုင်ငံ ဆင်းရဲနေရတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က လုပ်လို့ ဆိုပြီး ပြည်တွင်းပြည်ပကို ဝါဒဖြန့် International ကို Lobby လုပ်ခိုင်းလို့ ကျနော်တို့ ကိုယ်တိုင်တောင် လုပ်ခဲ့ကြရသေး တာပါ။

ဒုတိယ ၂၀၀၃ ခုနှစ် စီးပွါးရေး ပိတ်ဆို့ရေး Economic Sanction က ရှင်းပါတယ်။ ဒီပဲရင်းကိစ္စပြီးမှ ဖြစ်တာပါ။ ဒီပဲရင်း မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပစ်ဖို့ အမိန့်ပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တပည့်တွေဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ် မှူးကြီးမောင်အေးနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ တားတဲ့ကြားက “ငါခိုင်းတာ” ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း ဒုတိယဥက္ကဌ ဒုဗိုလ်ချုပ်ကြီးစိုးဝင်း (သေဆုံး) နဲ့ ဦးအောင်သောင်းတို့ကို ညွှန်ကြားပြီး ဒေါ်အောင်ဆန်းစုကြည် ကို အပြတ်ရှင်းခိုင်းခဲ့ တာပါ။ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဖြစ်ဖြစ်ချင်းည ဖြစ်ပြီး တနာရီအကြာမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန က ကျွန်တော့်ရှေ့မှာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်ဆီံကို ဖုံးဆက်ပြီး မေးခဲ့တယ်။ ဒီပဲရင်းမှာ ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရတာ ဟုတ် မဟုတ် ဆိုတာကို မေးတယ်။ ဝါရှင်တန်မြို့ မြန်မာသံအမတ် ကြီး ဦးလင်းမြိုင်က ကျွန်တော့်ကို ကကလှမ်းထံ ဒီအကြောင်းနဲ့ပတ်သက်ပြီး မေးခိုင်းလို့ မေးကြည့်တဲ့အခါမှာ ကကလှမ်း က ဒီလိုပြောပါတယ်။

“အစ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းရတာ မြန်လှချီလား၊ ဟုတ်တယ်အစ်ကိုရေ အဘကြီး ခိုင်းတာ ဘယ်သူမှ တားလို့မရဘူး။ ဒေါ်စုကတော့ အခုတပ်မှာ ခေါ်ထားတယ် မစိုးရိမ်ရပါဘူးလို့” ဆိုပြီး ပြန်ပြောလာတယ်။ ဒီ ကိစ္စလဲ ဖြစ်ပြီးရော မြန်မာအစိုးရအတွက် Lobby လုပ်ပေးနေတဲ့ အမေရိကန်တွေလဲ ၃-၄ နှစ်လောက် လုပ်ခဲ့တာတွေ အားလုံး ရပ်တန့်သွားခဲ့ပြီး သမတ Bush အစိုးရကို ချဉ်းကပ်လို့ မရတော့ဘူး ဖြစ်ခဲ့တယ်။ သိပ်မကြာပါဘူး မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံသားများ ကုန်သွယ်မှု၊ ငွေပေးငွေယူ မလုပ်ရ၊ ဗိုလ်ချုပ်ကြီးများရဲ့ မိသားစုတွေ ပိုင်ဆိုင်မှု၊ ခရီးသွားလာမှု၊ ပိတ်ပင်မှု ဆိုတဲ့ ဒုတိယ ၂၀၀၃ ခုနှစ် ပိတ်ဆို့ရေး Sanction ထပ်ဖြစ်လာတာပါ။

ဒုတိယ စီးပွားရေး ပိတ်ဆို့ရေး Economic Sanction ကတော့ အစိုးရရော ဗိုလ်ချုပ်ကြီးတွေပါ တော်တော်ထိသွားတယ်။ ကျနော်တို့ သံရုံးမှာတောင် အမေရိကန်ဒေါ်လာ အရွှေ့အပြောင်းလုပ်လို့မရလို့ လစာ ၃ လစာလောက် မြန်မာအစိုးရ က သံရုံးကို ပို့လို့မရ ဖြစ်ခဲ့ရတယ်။ ဗိုလ်ချုပ်ကြီးတွေ တော်တော်မျက်လုံးပြူး မျက်ဆံပြာ ဖြစ်သွားခဲ့ရတယ်။ နောက် ၄ လ လောက်ကြာတော့ အမေရိကန် အစိုးရက လျော့ပေးလိုက်လို့ အသက်ရှူချောင်သွားတယ်။ နောက်ပိုင်းတော့ US Dollar ကို Euro ငွေနဲ့ ချက်ချင်း ပြောင်းသုံးခိုင်းတဲ့အတွက် ကျနော်တို့ သံရုံးမှာ နောက်ပိုင်း လစာတွေရတဲ့အခါ Euro နဲ့ လ စာ စပြီးရခဲ့ကြပါတယ်။ ဗိုလ်ချုပ်ကြီးတွေ အနေနဲ့လည်း စင်္ကာပူ၊ သြစတြေးလျနိုင်ငံတွေမှာ ထားကြတဲ့ US Dollar တွေ ကို Middle East အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ရွှေ့ခဲ့ကြတယ်လို့ သတင်းတွေ ထွက်လာခဲ့ကြတာပဲ။

ဒုတိယ ၂၀၀၃ ခုနှစ် စီးပွါးရေးပိတ်ဆို့ရေး Economic Sanction ကတော့ အစိုးရ ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ အလိုတော် ရိ စီးပွါးရေးသမားကြီးတွေကို နာနာလေးထိသွားလို့ စပ်စပ်ထိမခံနိုင်ဘဲ စီးပွါးရေး ပိတ်ဆို့ရေး Economic Sanction ကို ယခင်က ရီတာပေါ့လို့ ပြောနေရာကနေ ချက်ခြင်းဆိုသလို Policy ပြောင်းပြီး ရုတ်သိမ်းပေးဖို့ဆိုတာ ဖြစ်လာခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က လုပ်ကြံလဲ ခံရသေးတယ် အစွပ်စွဲလည်း ခံရသေးတယ်ဆိုတာတော့ နိုင်ငံရေးပါတီ များနဲ့ တတိယအုပ်စု Third Party တွေကို ဒါ မတရားဘူးဆိုတာ ပြောချင်ပါတယ်။ ဘာကြောင့် အဓိကတရားခံ ဒီပဲရင်း လုပ်ကြံမှုကို ဖန်တီးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဗြောင်မစွပ်စွဲရပါသလဲ။

တတိယ ၂၀၀၇ ခုနှစ် စီးပွါးရေး ပိတ်ဆို့ရေး Economic Sanction ရဲ့ တရားခံဟာလဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပါပဲ။ သံ ဃာတော်အရေးခင်းမှာ ကျန်တဲ့ ဗိုလ်ချုပ်ကြီးအများစုက ပခုက္ကူ သံဃာတော်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေက သွားရောက်ရှစ်ခိုးတောင်ပန်ဖို့ တင်ပြနေတဲ့ကြားက ဦးအောင်သောင်းရဲ့ စကားကိုမှ နားထောင်ပြီး သံဃာတော်တွေကို သေနတ်နဲ့ ပစ်သတ်ခွင့် အမိန့်ပေးခဲ့တာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါ။ ဒီလို သံဃာတော်တွေကို သုတ်သင် ရှင်းလင်းခိုင်း တဲ့အတွက်ကြောင့် အမေရိကန်က စီးပွါးရေးပိတ်ဆို့ရေး Economic Sanction ချတာပါ။

ဒီ ပိတ်ဆို့မှုကတော့ မြန်မာနိုင်ငံထွက် ကျောက်မျက်ရတနာတွေကို အမေရိကန်နိုင်ငံအတွင်း တင်သွင်းခွင့်ပိတ်တာပါ။ ဟောင်ကောင်နဲ့ တရုတ်တွေ အဝယ်များလို့ ရသင့်ရထိုက်သည့်တန်ဖိုးထက် နည်းနည်းပါးပါး လျော့ရတာကလွဲလို့ ပြည် သူလူထု အနည်းအကျဉ်း ထိခိုက်တာကလွဲလို့ အစိုးရက နိုင်ငံရေးအရ ပိုထိပါတယ်။ ဒီဟာကလဲ သံဃာကို သတ်ခိုင်းတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကြောင့်ပါပဲ ။ ဒါကြောင့် ကျနော်ပြောချင်တာက နည်းမျိုးစုံနဲ့ ညစ်ပတ်ယုတ်မာနေတဲ့ ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ကိုတော့ နိုင်ငံရေးပါတီများနဲ့ တတိယအုပ်စု (Third Party) တွေက မပြောရဲဘဲ တဖက်သတ်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ကို ပြောနေတာကတော့ မလွန်လွန်းဘူးလား။ ခင်ဗျားတို့ထင်သလို နေရာ Space လေးများ ရမယ်လို့ ထင်နေကြတုံးဘဲလား။ ဒီအတိုင်းသွားရင် နောက်ထပ် အနှစ် ၂၀ ဘာမှ မပြောင်းလဲနိုင်သေးဘူး။ လူသာပြောင်း သွားမယ် အာဏာရှင်ပုံစံ မပြောင်းနိုင်ဘူးဆိုတာ မမေ့ကြပါနဲ့။

၁၉၉၃ ခုနှစ် ကတည်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တပ်မတော်သည် မြန်မာ့နိုင်ငံရေး၏ ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါ ရမည်ဆိုတဲ့ ဦးတည်ချက်ကို ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဗိုလ်ချုပ်ကြီးတင်ဦး (ရဟတ်ယာဉ်ပျက်ကျသေဆုံး) တို့က မြန်မာ့ နိုင်ငံရေးမှာ အရပ်သားရဲ့ အခန်းကဏ္ဍ ပျောက်သွားလိမ့်မယ်လို့ တင်ပြခဲ့တဲ့ကြားက ဒီအမျိုးသားညီလာခံကို ဆက်လုပ် ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို မဖြစ်ဖြစ်အောင် ပုံဖေါ်ခဲ့ပါပြီ။ အဲဒီတုန်းကတည်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အရပ်သားနိုင် ငံရေး ပျောက်သွားတော့ မကောင်းတော့ဘူးလားဆိုတာ ပြန်ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဗိုလ်ချုပ်ကြီး တင်ဦးတို့ ၂ ဦး ကို မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ ဒါကိုကြည့်ရင် မြန်မာနိုင်ငံမှာ ခင်ဗျားတို့ပြောနေတဲ့ သာမန်အရပ်သား ဒီမိုကရေစီနိုင်ငံရေး ဆိုတာ ဝေးပါသေးတယ်။ ခြေတလှမ်း လှမ်းဖို့နေနေသာသာ လှမ်းမယ့် ခြေထောက်တွေကို ရိုက်ချိုးထားပြီး ဖြစ်နေပါပြီ။

တကယ် အမိမြန်မာနိုင်ငံတော်ကြီးကို ကောင်းစားတာ မြင်လိုချင်ရင် ကျနော်တို့အချင်းချင်း အပြန်အလှန် အပြစ်မပြော ကြဘဲ ညီညီညွတ်ညွတ်နဲ့ “ဘုံရန်သူ” ဖြစ်တဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုသာ လူ့အခွင့်အရေး အမြောက်အ များကို ချိုးဖေါက်နေမှုနဲ့ ပထမအဆင့်နေဖြင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့က မြန်မာအစိုးရအဆက်ဆက် ပြစ်မှု ကျူးလွန်နေမှုတွေကို လာရောက် စစ်ဆေးခွင့်ရဖို့ ဝိုင်းဝန်းဆော်သြကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

ကျောင်းသား၊ ဘုရားသား၊ စစ်သား၊ တိုင်းရင်းသား၊ အလုပ်သမား၊ လယ်သမား၊ အခြေခံလူတန်းစားအားလုံး ဘယ်ဘဝ ကို ရောက်နေကြတယ် ဆိုတာကိုလဲ လုံးဝ မမေ့ကြပါနဲ့။ သာမာန်အခြေခံ လူတန်းစားတွေဘက်က ရပ်တည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ကို ဘာပဲဖြစ်ဖြစ် ဝိုင်းရံပေးစေချင်ပါတယ်။ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ NLD ချေမှုန်းရေး မဟာဗျူဟာကို ယောင်ဝါးပြီး မထောက်ခံမိကြဖို့ သတိကြီးကြီးနဲ့ ဆင်ခြင်ပြောဆိုသင့်ပါတယ် ဆိုတဲ့အ ကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။

ေ ဆောင်းပါးရှင် – ဗိုလ်မှူး အောင်လင်းထွဋ်

No comments:

Post a Comment