Shwe Dagon

Shwe Dagon

Thursday, March 13, 2014

ဒီမိုကရေစီ ခရီးဝင်္ကပါနဲ့ ကိုယ့်လူ သူ့ဘက်သားများ






ဝင်းထွဋ်ဇော် ( Mizzima )



ဒီမိုကရေစီ ခရီးဝင်္ကပါနဲ့ ကိုယ့်လူ သူ့ဘက်သားများ

ယခုရက်ပိုင်းအတွင်း မီဒီယာတွေမှာ ထူးခြားတဲ့သတင်းတွေကို မကြာခဏ ဖတ်ရှုနေရပါတယ်။ သတင်း တစ်ပုဒ်ကတော့ နောက်ဆုံးပေါ် ဒီမိုကရေစီသတင်းစာ တစ်စောင် ထုတ်ဝေတော့မယ်ဆိုတဲ့ သတင်းပါ။

ထိုသတင်းစာကို လက်ရှိထုတ်ဝေနေတဲ့ အစိုးရသတင်းစာတွေဖြစ်တဲ့ ကြေးမုံ၊ မြန်မာ့အလင်း၊ ထို့အပြင် အာဏာရ ပြည်ခိုင်ဖြိုးပါတီက ထုတ်ဝေနေတဲ့ ပြည်ထောင်စုနေ့စဉ် သတင်းစာပါ ဖြန့်ချိဈေးနှုန်းလျှော့ပြီး တစ်စောင်လျှင် ကျပ် ၄၀ နှုန်းနဲ့ ဖြန့်ချိကာ ရောင်းဈေး ၁၀၀ ကျပ်နဲ့ ရောင်းချမယ်လို့ သိရပါတယ်။

ထိုသတင်းစာကို ထုတ်ဝေတဲ့သူဟာ ဘဏ်ချေးငွေ ကျပ်သိန်းတစ်သောင်း ချေးယူပြီး ထုတ်ဝေတာလို့ လည်း သတင်းတစ်ပုဒ်မှာ ဖတ်ရပါတယ်။ ထိုသတင်းစာရဲ့ အမှုဆောင်အရာရှိချုပ်ကတော့ ယခင်န၀တ၊ နအဖ အစိုးရခေတ်တွေတုန်းက အစိုးရဘက်က တက်တက်ကြွကြွ ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုသတင်းစာမှာ ရှယ်ယာ ထည့်ဝင်ထားတဲ့ကုမ္ပဏီဟာ အစိုးရနဲ့ နီးစပ်ပြီး လုပ်ငန်းပေါင်းစုံ လုပ် ခွင့်ရတဲ့ ရွှေသံလွင်၊ Sky Net ကုမ္ပဏီဖြစ်တယ်လို့ ဆိုပါတယ်။ ထိုနောက်ဆုံးပေါ် ဒီမိုကရေစီ သတင်းစာ ကြီး ထုတ်ဝေနေတဲ့ သတင်းနဲ့ပတ်သက်ပြီး ပို၍ပို၍ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာ တစ်ခု ကတော့ “ထိုသတင်းစာရဲ့ မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းက မြရိပ်ညိုဟိုတယ်မှာ ကျင်းပ ခဲ့ရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦးနဲ့ ရှစ်ဆယ့်ရှစ် မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုကိုကြီးတို့ တက်ရောက်ခဲ့တယ်” ဆိုတဲ့ သတင်းပါပဲ။

စပွန်ဆာလုပ်ခဲ့တဲ့ ကုမ္ပဏီ

အဆိုပါ ဒီမိုကရေစီသတင်းစာကြီးမှာ ရှယ်ယာပါဝင်တယ်လို့ ပြောဆိုခြင်းခံရတဲ့ ရွှေသံလွင်ကုမ္ပဏီဆိုတာ ကလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ အတော့်ကို ခြေသွက်လက်သွက်ရှိခဲ့တဲ့ ကုမ္ပဏီ လို့ ဆိုနိုင်ပါတယ်။

အစိုးရထံက သက်သာခွင့်တွေ အများအပြားရရှိထားတဲ့ ထိုကုမ္ပဏီဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှစ်လေးလုံးပွင့်လင်း၊ လူ့အဖွဲ့အစည်းတို့ကို ငွေကြေးလှူဒါန်း ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ရန်ကုန် ပြည်သူ့ရင်ပြင်မှာပြုလုပ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး ကွန်ရက် နှစ်,နှစ်ပြည့်ရန်ပုံငွေပွဲမှာ Sky Net နဲ့ ရွှေအက်ဖ်အမ်တို့က တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး အနုပညာ ကြေးကုန်ကျငွေ ကျပ်သိန်း ၁,၃၀၀ ကို လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထိုး ခဲ့တဲ့ သိုးမွေးဆွယ်တာကိုလည်း ရွှေသံလွှင်ကုမ္ပဏီပိုင် ရွှေအက်ဖ်အမ် (Shwe FM) က ကျပ် ၄၁၅ သိန်းနဲ့ ၀ယ်ခဲ့ဖူးပါတယ်။

ရွှေသံလွင်ကုမ္ပဏီဟာ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလကပြုလုပ်ခဲ့တဲ့ ရှစ်ဆယ့်ရှစ် မျိုးဆက်သစ် ကျောင်း သားဟောင်းတွေရဲ့ စေတနာဝသန် ဂီတရန်ပုံငွေပွဲမှာ ကိုမင်းကိုနိုင်၊ ကိုပြုံးချိုနဲ့ ကိုဌေးကြွယ်တို့ ပန်းချီရေး ဆွဲထားတဲ့ ဂီတာတစ်လက်ကို ငွေကျပ် ၅၈၈ သိန်းနဲ့ လေလံဆွဲကာ ၀ယ်ယူခဲ့ပါတယ်။

ထို့ပြင် ၂၀၁၃ ခုနှစ်၊ သြဂုတ်လအတွင်းက ပြုလုပ်ခဲ့တဲ့ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနား ကို ကျင်းပခဲ့ရာမှာ အခမ်းအနားကျင်းပတဲ့ သုံးရက်လုံးလုံး လူဦးရေငါးထောင်ကျော်ကို ထမင်းကျွေးပြီး အခမ်းအနားအတွက် ကုန်ကျငွေတွေကို ကူညီခဲ့တယ်လို့လည်း သိရပါတယ်။

ပြတ်ပြတ်သားသား ပေါင်းခဲ့ကြသူတွေ

တကယ်တော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးလောကမှာ အောင်မြင်မှုသရဖူ အသီးသီးကို ဆောင်းထားကြတဲ့ ခရိုနီလို့ လူအများရဲ့ ခေါ်ဝေါ်ခြင်းခံကြရတဲ့ စီးပွားရေးသမားတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်းမှာ အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တစ်နည်းမဟုတ်တစ်နည်း အဆက်အသွယ် ရှိခဲ့ကြသူ တွေလည်း ဖြစ်ပါတယ်။

ထိုသို့ အဆက်အသွယ် မရှိခဲ့သူဆိုရင်လည်း မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်မလာနိုင်ပါဘူး။ ထိုသူတွေဟာ ၂၀၁၀ ပြည့်နှစ်ရဲ့ ဟိုဘက်ကာလတုန်းကတော့ အုပ်စိုးသူ အစိုးရနဲ့ သာ ပြတ်ပြတ်သားသား ပေါင်းခဲ့ကြသူတွေပါ။ ၂၀၁၂ ခုနှစ်ရဲ့ ဟိုဘက် ကာလတုန်းကဆိုရင် ထိုသူတွေ ဟာ ဒီမိုကရေစီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ ဒီမိုကရေစီသမားတွေ ပက်ပက်စက် စက် ဖိနှိပ်ခံနေရတဲ့အဖြစ်တွေနဲ့ ပတ်သက်ပြီး စာနာမှုရှိကြောင်းကို တစ်စွန်းတစ်စမျှပင် မပြောခဲ့ကြပါဘူး။

ထိုကာလတွေတုန်းက ခရိုနီတွေဟာ အုပ်စိုးသူတွေရဲ့ လိုအင်တွေကို ဖြည့်ဆည်းပေးရင်း မိမိတို့ရဲ့ပိုင်ဆိုင် မှုတွေ တိုးပွားရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြတယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲရဲ့ နောက်ပိုင်းကာလရောက်မှသာ (၎င်းတို့ရဲ့ ကျေးဇူးရှင်တွေက ဒီမိုကရေစီ ပြောင်းလဲရေးကို နည်းဗျူဟာ တစ်ခုအဖြစ် ကျင့်သုံးလာတဲ့ အချိန်ရောက်မှသာ) ထိုသူတွေဟာ ဒီမိုကရေစီ အင်အားစုတွေကို ဆေးဖော်ကြောဖက် လုပ်လာကြတာ တွေ့ရပါတယ်။

ထိုသူတွေဟာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲရဲ့ နောက်ပိုင်းကာလ အရောက်မှာ ဒီမိုကရေစီကိုလိုလား ကြောင်းပြသတဲ့ လုပ်ရပ်တွေကို ကြုံရင်ကြုံသလို လုပ်လာတာတွေ့ခဲ့ရတယ်။ (တကယ်တော့လည်း ထို လုပ်ရပ်တွေဟာ ၎င်းတို့ရဲ့ ပင်ကိုယ် သဘောရိုးနဲ့လုပ်ခြင်းလား သို့မဟုတ် ၎င်းတို့ရဲ့ ဆရာသခင် ကျေးဇူး ရှင်တွေက မီးစိမ်းပြလိုက်လို့လား ဆိုတာကတော့ ထိုသူတွေသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။)

ပါဝါကြီးနှစ်ခုရဲ့အားပြိုင်ပွဲ

ဘယ်လိုပဲဖြစ်ဖြစ် ယနေ့အချိန်ဟာ ၂၀၁၅ ယှဉ်ပြိုင်ပွဲကြီးအတွက် အကြိုကာလ ဖြစ်တာနဲ့အညီ အုပ်စုကြီး နှစ်ခုရဲ့ စည်းရုံးရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ် ပေါ်ပေါက်လာတာကို တွေ့နေရတယ်။ ယနေ့ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးအားပြိုင်ပွဲမှာ အဓိကအားဖြင့် နိုင်ငံရေးပါဝါ ဗဟိုချက်မကြီးနှစ်ခု ယှဉ်ပြိုင်နေတာကို တွေ့ နိုင်ပါတယ်။တစ်ခုကတော့ ၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်းမှာ ပေါက်ဖွားခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ ၎င်းရဲ့ မဟာမိတ် ဒီမိုကရေစီ အင်အားစုတွေပဲ ဖြစ်ပါတယ်။

ကျန် နိုင်ငံရေး ပါဝါကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်ကျော်အတွင်းမှာ နိုင်ငံ့ အာဏာကို တစ်ဦးမှတစ်ဦး သို့ လက်ဆင့်ကမ်းပြီး ကျွန်တော်တို့နိုင်ငံကို စိုးမိုးချယ်လှယ်ခဲ့ကြတဲ့ စစ်တပ်အခြေပြု အုပ်စုကြီးပဲဖြစ်တယ် ထိုအုပ်စုကြီးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်ကျော်အတွင်းမှာ နိုင်ငံ့အာဏာကို စဉ်ဆက်မပြတ် ထိန်း ချုပ်ထားခဲ့တဲ့ အင်အားစုကြီးလို့ ဆိုရမှာပါ။

ယင်းအုပ်စုဟာ ကမ္ဘာမှာ ဆိုရှယ်လစ် ၀ါဒကောင်းခဲ့ချိန်က မိမိတို့ကိုယ်ပိုင် ဆိုရှယ်လစ်ဘရန်း (Brand)ကို တီထွင်ပြီး နိုင်ငံ့အာဏာကို ရယူခဲ့ကြတယ်။ ၁၉၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံကြီးပေါ် ပေါက်လာ ချိန်မှာတော့ ထိုသူတွေဟာ ဒီမိုကရေစီ အရေးတော်ပုံကြီးကို ရက်ရက်စက်စက် ဖြိုခွဲနှိမ်နှင်းခဲ့ကြတယ်။

ထိုအချိန်တုန်းက အဆိုပါ အုပ်စုဟာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဒီမိုကရေစီဆန္ဒကို လုံးဝမျက်ကွယ်ပြုပြီး စစ်အစိုးရအဖြစ်နဲ့ နိုင်ငံ့အာဏာကို ဆက်လက် ရယူခဲ့ကြတယ်။

သို့ပေမယ့် ၂၀၀၀ ပြည့်နှစ် ကျော်လွန်ခဲ့ ပြီးအချိန်မှာတော့ ကမ္ဘာ့အခြေအနေဟာ ပြောင်းလဲလာခဲ့တယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဒီမိုကရေစီ လှိုင်းတံပိုးတွေဟာ မြင့်တက်လာခဲ့တယ်။ အရှေ့အလယ်ပိုင်း ဒေသ မှာလည်း အာရပ်နွေဦးလှုပ်ရှားမှုလို့ခေါ်တဲ့ ဒီမိုကရေစီ လူထုလှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့တယ်။ယင်းဒေသ မှာရှိတဲ့ အာဏာရှင် အစိုးရအချို့ ပြုတ်ကျခဲ့ပါတယ်။

ထိုဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့ပြီးနောက် များမကြာမီမှာဘဲ ကျွန်တော်တို့နိုင်ငံရဲ့ အာဏာရအုပ်စုဟာ ဒီမိုက ရေစီ စကားတွေကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာပါပြီ။ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခဲ့တယ်။ ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။

အလိုတော်ရိ မီဒီယာသမားများ

တကယ်တော့ ကျွန်တော်တို့နိုင်ငံရဲ့ အာဏာရအုပ်စုဟာ ပြောင်းလဲလာတဲ့ ကမ္ဘာ့အခြေအနေ၊ မြန်မာ့ အခြေအနေ အပေါ်မူတည်ပြီး ဇာတ်ကွက်ဇာတ်လမ်းတွေ နဲ့ ကကွက်အသစ်တွေကို လိုသလို ဖန်တီး နိုင် သူတွေလို့ ဆိုရမှာပါ။ ထိုသူတွေဟာ ကမ္ဘာမှာ ဒီမိုကရေစီစနစ် ဈေးကောင်းလာချိန်မှာတော့ ဒီမိုကရေစီ နိုင်ငံရေး အခင်းအကျင်းတွေကို အကွက်စေ့စေ့ တည်ဆောက်ခဲ့ကြတယ်။

ထိုသူတွေဟာ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ အာဏာရှင်ပုံစံနဲ့ ကပြခဲ့စဉ်တုန်းကလည်း မိမိတို့ရဲ့အာဏာ အခြေခိုင်ရေးအတွက် နိုင်ငံရေးစီးပွားရေးကို လုံးဝ ထိန်းချုပ်ထားနိုင်ဖို့ ကြိုးပမ်းခဲ့ကြတယ်။

ယင်းအုပ်စုဟာ န၀တဘ၀မှာ ရှိစဉ်ကတည်းက မိမိတို့ကို အလုပ်အကျွေးပြု ရမယ့် ခရိုနီစီးပွားရေးလုပ်ငန်း ရှင်ကြီးတွေ နဲ့ ၎င်းတို့ရဲ့ အကျိုးစီးပွားအတွက် ပြည်သူလူထုအကြားမှာ ၀ါဒဖြန့်ချိရေးလုပ်ငန်းတွေ လုပ် ဆောင်ပေးမယ့် မီဒီယာလုပ်စားသူတွေကို မွေးခဲ့ပါတယ်။ “စစ်အစိုးရခေတ် တစ်လျှောက်မှာ မီဒီယာကို မီဒီယာနဲ့တိုက်ရမယ်”ဆိုတဲ့ ကြွေးကြော်သံကိုကိုင်စွဲပြီး အစိုးရမီဒီယာတွေက ဒီမိုကရေစီ လှုပ်ရှားတက်ကြွ သူတွေကို တိုက်ခိုက် အပုပ်ချခဲ့ကြတယ်။

ထိုခေတ်တုန်းကဆိုရင် အလိုတော်ရိ မီဒီယာသမားတွေဟာ “ပြည်သူလူထုကို ဒီမိုကရေစီ ချက်ချင်းပေး လို့ မဖြစ်ဘူး။ မြန်မာနိုင်ငံကို စစ်တပ် အစိုးရက နောက်ထပ် တစ်ဆယ့်ငါးနှစ် လောက်တော့ အုပ်ချုပ်သင့် တယ်”ဆိုတဲ့ အရေးအသားမျိုးတွေကို ရေးခဲ့ကြတယ်။ ဒါ့အပြင် ဒီမိုကရေစီအင်အားစုတွေကို တိုက်ခိုက်တဲ့ အရေးအသားတွေကို နေ့စဉ်ရက်ဆက် ရေးခဲ့ကြတယ်။

ထိုသူတွေဟာ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကိုလည်း သေးသိမ်အောင် နည်းမျိုးစုံနဲ့ လုပ်ကြံ ရေးသားခဲ့ကြတယ်။

အရောင်ပြောင်းလာကြ

တပ်မတော်အစိုးရက နိုင်ငံရေး နည်းဗျူဟာတွေ ပြောင်းလဲခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ ပါတီစုံ ရွေးကောက်ပွဲ ဗျူဟာကို ကျင့်သုံးလာခဲ့ပြီး နောက်မှာတော့ န၀တ၊ နအဖ အစိုးရတွေ လက်ထက်မှာ ကြီးပွားချမ်းသာလာ ကြတဲ့ ခရိုနီစီးပွားရေးသမားတွေဟာ မိမိတို့ကိုယ်မိမိတို့ အရောင်ပြောင်းကာ ဒီမိုကရေစီ လိုလားသူများ အဖြစ် ပုံဖော် ပြသလာကြတယ်။

ဒီမိုကရေစီ အင်အားစုတွေကို ဖက်လဲတကင်း ဆက်ဆံလာပြီး ယင်းအဖွဲ့တွေကို လှူဒါန်းထောက်ပံ့မှုတွေ လုပ်လာတယ်။ အလားတူပဲ ခေတ်အဆက်ဆက်က လုပ်စားကြတဲ့ အလိုတော်ရိ မီဒီယာတွေဟာလည်း ၎င်းတို့ကိုယ်၎င်းတို့ ဒီမိုကရေစီ မိတ်ကပ်တွေ လိမ်းချယ်လာကြတယ်။ မိမိတို့သည်လည်း ဒီမိုကရေစီ လို လားသူတွေ ဖြစ်ကြကြောင်းကို ရေးသားပြောဆို လာကြတယ်။ မိမိတို့ထက် ဒီမိုကရေစီကို လိုလားကြသူ များပင် မိမိတို့လောက် ဒီမိုကရေစီကို လိုလားကြသူတွေ မဟုတ်သယောင် ရေးသား ဖော်ပြလာကြတယ်။

တစ်ချိန်တည်းမှာလည်း ထိုသူတွေဟာ ပြည်သူတွေအကြားမှာ ဒီမိုကရေစီအပေါ် ယုံမှား သံသယရှိလာ အောင် ပရိယာယ် ကြွယ်ဝစွာနဲ့ ရေးသားဖော်ပြလာကြတယ်။ (လိင်တူချစ်သူတွေရဲ့ သတင်းကို ဒီမိုကရေ စီ သတင်းထူးကြီးတစ်ပုဒ်သဖွယ် ဖော်ပြခဲ့ကြတယ်။) ဒါ့အပြင် ထိုသူတွေဟာ ပြည်သူတွေက မိမိတို့ကို ဒီမိုကရေစီဘက်က ရပ်တည်တဲ့ မီဒီယာတွေအဖြစ် ယုံကြည် လက်ခံလာအောင် မိမိတို့ရဲ့ဂျာနယ်တွေ၊ သတင်းစာတွေမှာ ခရိုနီတွေကိုပဲ တိုက်ခိုက်သယောင် အာဏာရှင်တွေလိုပဲ တိုက်ခိုက်သယောင် ပြူးပြူး ပြဲပြဲ ခေါင်းကြီးစားလုံးတွေနဲ့ ရေးသားတင်ပြလာကြတယ်။

သို့ပေမယ့် ထိုသူတွေဟာ အရေးကြီးတဲ့ အလှည့်အပြောင်း တစ်ခုခုကို ရောက်လေတိုင်းမှာ ဒေါ်စုနဲ့ ဒီမို ကရေစီ အင်အားစုတွေကို တိုက်ခိုက်ခဲ့ကြတယ်။ သို့မဟုတ် ဒေါ်စုကိုထိခိုက်စေနိုင်တဲ့ သတင်းမျိုးတွေကို အကွက်ချပြီး ရေးသားခဲ့ကြတယ်။

ယခုအချိန်မှာတော့ ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီအတွက် အရေးပါတဲ့ အလှည့်အပြောင်း ကာလ တစ်ခုဆီကို ရောက်ရှိလို့ လာပါပြီ။ ထိုဖြစ်စဉ်နဲ့အညီပဲ အာဏာရှင်စနစ်ကို အလုပ်အကျွေး ပြုခဲ့ကြသူတွေ ဟာ ယခုအချိန်မှာ နိုင်ငံရေးလောကမှာရော မီဒီယာလောကမှာပါ မိမိတို့ရဲ့ မူလဇာတိရုပ်တွေကို ဖုံးကွယ် ဖို့ ကြိုးစားရင်းနဲ့ တစ်ဖက်မှာလည်း ဒီမိုကရေစီ ပြည်သူတွေ အကြားမှာေ၀၀ါးအောင် ရှုပ်ထွေးအောင် လုပ် ဖို့ ကြိုးပမ်းလာတာ တွေ့နေရပါပြီ။

ယနေ့အချိန်မှာတော့ ဒီမိုကရေစီ ပြည်သူတွေအနေနဲ့ ဦးစားပေးလုပ်ငန်းအဖြစ် လုပ်ဆောင်ရမယ့် အလုပ် တစ်ခုကတော့ အာဏာရှင်အုပ်စုရဲ့ လက်ကိုင်တုတ်တွေဖြစ်တဲ့ ဒီမိုကရေစီ မျက်နှာဖုံး စွပ်ထားကြတဲ့ သူ့လူ ကိုယ့်ဘက်သားတွေကို သတိရှိရှိနဲ့ ဖွင့်ချ ဖော်ထုတ်နိုင်ကြဖို့ပဲ ဖြစ်ပါတယ်။

ဝင်းထွဋ်ဇော် ( Mizzima )
Top of Form


No comments:

Post a Comment