Shwe Dagon

Shwe Dagon

Wednesday, December 4, 2013

သမ္မတကြီး……ဘယ်လဲ????





ဇော်ဝမ်းမောင်….


                     သမ္မတကြီး……ဘယ်လဲ????

အိမ်တွင်း၌သာလေကျယ် ပြည်ပရန်တော့မကာကွယ် လေပျော့ပျော့လေးနှင့် တယောထိုးတတ်တဲ့ ဖွတ်အစိုးရ လုပ်ခဲ့သမျှ ပြန်စဉ်းစားရ ရင်မောစရာ ရင်နင့်စရာတွေက အပြည့်။ နာဂစ်မုန်တိုင်းဝင်ချိန် သေကြေပျက်စီး ဒုက္ခအတိ ရော
က်နေတဲ့ ပြည်သူလူထုအပေါ် ပြုမူခဲ့တဲ့ လူယုတ်မာတွေ ရဲ့စိတ်ကို ကမ္ဘာကတောင် မြင်ခဲ့ပါပြီ။တိုင်းပြည်အကြီးအကဲလုပ်ရင် ပြည်သူလူထုနဲ့ နိုင်ငံအကျိုးကို စေတနာပါပါ ဆောင်ရွက် မှ ပြည်သူလူထုနဲ့ တိုင်းပြည်ကလည်း ရင်ထဲမှာ ထာဝရ ကဗ္မျည်းထိုး မှတ်တမ်း တင်ကြမှာပါ။

ဗိုလ်သိန်းစိန်သည်လည်း နိုင်ငံတော် အကျိုးစီးပွားအတွက် ပေါ်ထွက်လာခြင်းကား မဟုတ်။ ဦးသိန်းစိန်ဟာ အမိန့်နာခံတတ်တယ် အထက်ကို သဘောကျအောင် ပေါင်းသင်းနိုင်တယ်။ စစ်ရေးချုပ် အဖြစ်တွင်လည်း ကလေးစစ်သား ပပျောက်ရေး ကော်မတီဥက္ကဌကြီး ဖြစ်ခဲ့ရာ ကလေးစစ်သားများ စုဆောင်းရေးကို စာရွက်ပေါ်တွင် တားမြစ်နှိုင်သော်လည်း လက်တွေ့တွင် လျစ်လျူရှုခဲ့သူ ဖြစ်ပါတယ်။

၎င်းဝန်ကြီးချုပ် ဘဝတွင် လည်း လူသိန်းချီ၍ သေဆုံးထိခိုက် ပျက်ဆီးရသော သဘာဝ ဘေးအန္တရာယ် နာဂစ်မုန်တိုင်းကြီး ဧရာဝတီတိုင်း၌ ကျရောက်ခဲ့ပါတယ်။ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးကော်မတီ ဥက္ကဌလည်းဖြစ်၊ ဝန်ကြီးချုပ်လည်း ဖြစ်သူ ဗိုလ်သိန်းစိန်ဟာ ထိုမုန်တိုင်း ကျရောက်ခဲ့ရာ နေရာသို့ တာဝန်ရှိသူတို့ ထုံးစံအတိုင်း သွားရောက်စစ်ဆေးခဲ့ရာ“အခုတော့ ဘာမှ ပါမလာသေးဘူး၊ အခုသိသွားပြီ။ အိုးခွက် ပန်းကန်ကအစ လိုတယ်။ ပြန်သွားရင် တင်ပြပေးမယ်” ဟု မှာကြားသွားလေရာဝန်ကြီးချုပ်တစ်ဦး အနေဖြင့် ရဲရဲတင်းတင်း ပြတ်သားစွာ ဆုံးဖြတ်နိုင်သူ လုပ်ဆောင်ပေးနိုင်သူ မဟုတ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ 

ဝန်ကြီးချုပ်တစ်ဦး အနေနှင့် ကြိုတင်မျှော်တွေးပြီး ပြင်ဆင်သွားသင့်ပါတယ်။ အားငယ်ချောက်ချားနေသော မုန်တိုင်းသင့် ပြည်သူများအား အနည်းဆုံး အဝတ် အထည်၊ စောင်၊ မိုးကာတဲများ၊ အစားအသောက်များ၊ နွေးထွေးလုံခြုံစွာ ထားပေးနိုင်ရေး လောက်ကို တော့ဖြင့် လုပ်ပိုင်ခွင့်အရ ချက်ခြင်း ဆောင်ရွက်ပေးသင့်ပါလျက် ဘာမှယူဆောင်သွားခြင်း၊ လုပ်ကိုင်ပေးခြင်း မပြုခဲ့ပါဘူး။ထိုအပြင် ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး မုန်တိုင်းသင့် ပြည်သူများအား သွားရောက်ကူညီ ထောက်ပံ့အားပေးနေသူများကိုမူ တားမြစ်ခြင်း၊ ဖမ်းဆီးခြင်း၊ ထောင်ချခြင်းများ မတရား ပြုလုပ်ခဲ့ပါသေးတယ်။ 

အမှန်တကယ်တော့ ဦးသိန်းစိန်၏ နဖူးပြင်ပမာ အဖြေမှာ ပြောင်ရှင်းနေပါသည်။ ဦးသိန်းစိန်ဟာ အာဏာရှင် ဗိုလ်သန်းရွှေ၏ မျက်နှာနှင့် ၎င်း၏ ရာထူးနေရာကိုသာ ကြည့်သူဖြစ်ပါတယ်။ မြန်မာပြည်သားများအားလုံး ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့် မရကြသေးပါဘူး။တိုင်းရင်းသား အရေးကိစ္စတွေမှာလည်း သမ္မတ ဦးသိန်းစိန် အနေနှင့် တပ်မတော်ကို အပြည့်အ၀ ထိန်းချုပ်နိုင်မှု မရှိသေးခြင်း တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ယူထားတယ်ဆိုပေမဲ့ ယခုအထိ ပီပြင်မှု အပြည့်အ၀ မရသေးတဲ့အပြင် တချို့ဒေသများမှာအချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနေတာတွေ တွေ့ရပါတယ်။ အဖွဲ့ဝင် (၁၁) ဦး ပါဝင်တဲ့ အဲဒီ (ကာ/လုံ) အဖွဲ့ဟာ နိုင်ငံတော် လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေမှာ အဓိက ကိုင်တွယ် ဖြေရှင်းရတဲ့ အဖွဲ့ ဖြစ်ပါတယ်။နိုင်ငံတော် သမ္မတက အစ တပ်ချုပ်အပါအ၀င် လွှတ်တော် ဥက္ကဋ္ဌများ ပါဝင်ကြတဲ့အတွက် လုပ်ပိုင်ခွင့် အာဏာ အရှိဆုံး ပုဂ္ဂိုလ်များ ပါဝင်ကြတာမို့ ထင်ရှားပါတယ်။

နိုင်ငံတော်သမ္မတ အနေနဲ့ စစ်ပွဲတွေ ရပ်ဘို့ ပြတ်ပြတ်သားသား အမိန့်ပေးနှိုင်စွမ်းမရှိပါဘူး။ တကယ်တော့ အကြောင်းရင်းကို နိုင်ငံရေးနည်းအရ ရှာဖွေရှင်းလိုက်ရင် ပြည်တွင်း ငြိမ်းချမ်းရေး ဆိုတာ စစ်ခေါင်းဆောင်တွေနဲ့ လက်ရှိအစိုးရ အပေါ်မူတည်ပါတယ်၊အပစ်အခတ်ရပ်စဲ ရုံနဲ့ ငြိမ်းချမ်းရေးရတာမှ မဟုတ်ဘဲ။နိုင်ငံရေးနည်းအရ ပြီးပြတ်အောင် ဖြေရှင်းမယ်ဆိုရင် အစောကြီးထဲက ဖြေရှင်းလို့ရနေတာဘဲ၊ဒီလို မဖြေရှင်း တာဟာ လည်း မရှင်းချင်လို့ မရှင်းတာ၊ အာဏာကို ဆုပ်ကိုင်ထားချင်လို့မရှင်းတာသာဖြစ်ပါတယ်။ 

သမ္မတဦးသိန်းစိန်းဟာတိုင်းရင်းသားလူမျိုးအဖွဲ.ပေါင်း(၁၃)ဖွဲ.တင်ပြခဲ့သည့်ဖက်ဒရယ်ပြည်ထောင်စုစနစ်မူကိုညောင်နှစ်ပင်အမျိုးသားညီလာခံတုန်းကပင်ဆန်.ကျင့်သည့်သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။တိုင်းရင်းသားလူမျိုးများရဲ.တန်းတူရည်တူအခွင့်အရေးနှင့်ဒီမိုကရေစီအခွင့်အရေးကိုမလိုတဲ့သူတစ်ယောက်ပါ။ဒီအချက်ကိုသိနိုင်ရန်အရမ်းအရေး ကြီးပါတယ်၊ မြန်မာ့နိုင်ငံရေးမှာ အရပ်သားရဲ့ အခန်းကဏ္ဍ ပျောက်သွားစေရန် ၂၀၀၈ ဖွဲ့စည်းပုံအား မဖြစ်ဖြစ်အောင် ပုံဖေါ်ခဲ့ပြီးပါပြီ။ဒါကိုကြည့်ရင် သာမန်အရပ်သား ဒီမိုကရေစီနိုင်ငံရေးဆိုတာ ဝေးပါသေးတယ်။ ခြေတစ်လှမ်း လှမ်းဖို့နေနေသာသာ လှမ်းမယ့် ခြေထောက်တွေကို ရိုက်ချိုးထားပြီး ဖြစ်နေပါပြီ။ ဒီလို ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာနှိုင်အောင်လည်း လက်ရှီသမ္မတ ဦးသိန်းစိန်ကိုယ်တိုင်တက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့တယ်ဆိုတာအထင်အရှားပါ။

ဒါ့အပြင် တပ်မတော်အကျိုးစီးပွားများဖြစ်သော တိုင်းရင်းသားဒေသများရှိ ရေနံ၊ သစ်၊ စသည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်း အတူမျှဝေရန် တပ်မတော်ဘက်က အဆင်သင့်မဖြစ် သေးခြင်းသည် လည်း ပြည်တွင်းစစ် အတွက် စိန်ခေါ်မှုများ ဖြစ်နေပါတယ်။ စစ်တပ်က ဘယ်တော့မှ ပြည်သူလူထုကို အာဏာပြန်အပ်လို့ မရဘူး။ ပြည်သူလူထု လက်ထဲ အာဏာ လွှဲတာနဲ့ ပြည်တွင်းစစ်ဖြစ်မယ်၊ တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်ကြမယ်။ ပြည်နယ်တွေ ခွဲထွက် မယ်ဆိုတဲ့ မှားယွင်းတဲ့ အတွေးအခေါ်တွေကို စစ်တပ်ထဲမှာ သံမှိုရိုက်သလို ရိုက်သွင်း ထားကြတော့ ပြုပြင် ပြောင်းလဲရေး ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ဘယ်တော့မှ ဖြောင့်ဖြောင့်ဖြူးဖြူး ရောက်နှိုင်မှာ မဟုတ်ပါဘူး။

ပြည်တင်းလျင် မင်းမခံနိုင် ဆိုသောစကားအတိုင်း လူ၏ညီညွတ်ခြင်း၊ စိတ်ဓါတ်၏ညီညွတ်ခြင်း ဘယ်လိုဇာတ်ခင်းနေနေ ဘယ်လိုဘဲ အာရုံပြောင်းပြောင်း လိုက်ပါငေးမော မနေတော့ဘဲ နည်းလမ်းအသွယ်သွယ်ဖြင့် တိုက်ပွဲဝင်ကြ ရတော့မှာပါ။ ပြည်သူလူထု သည်လည်းကောင်း၊ တပ်မတော်သားအပေါင်းတို့ သည်လည်းကောင်း မိမိတို့ ရည်မှန်းချက် ပန်းတိုင်အရောက် အချိန်မနှောင်းသေးခင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် အမျိုးသားတန်းတူညီမျှရေးကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တရပ် ပေါ်ထွန်းလာရေး နှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးမူ ကိုအခြေခံ၍ တိုင်းရင်းသား လူမျိုးစုများ၊ ဒီမိုကရေစီ နိုင်ငံရေးအင်အားစုများ၊ ပြည်ထောင်စုအစိုးရနှင့် တပ်မတော် အပါအဝင် အမျိုးသားအင်အားစု အားလုံးပါဝင်သော ပြည်ထောင်စုညီလာခံ ဆီသို့ ဆက်လက်ချီတက်ကြဖို့ အားသစ်လောင်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဇော်ဝမ်းမောင်….

No comments:

Post a Comment