Shwe Dagon

Shwe Dagon

Wednesday, October 30, 2013

အဟောင်းပြုတ်မှ အဟုတ်ပြောင်းမယ် (Weekly Eleven, October 30,2013)

 

 

အဟောင်းပြုတ်မှ အဟုတ်ပြောင်းမယ်

AddThis Social Bookmark Button
ဘ၀မှာ နေရေးဟာ အရေးကြီးသလို သေရေးကလည်း အရေးကြီးတာပဲ၊ "ရှင်ချောင် သေကျပ်၊ ရှင်ကျပ် သေချောင်" လို့ ရွှေကျင်ဆရာတော်ကြီးက ဆုံးမခဲ့တယ်။ ရှင်စဉ်အခါ ဘာသာရေး စည်းကမ်းတွေ ချိုးဖောက်ပြီး ပျော်ပျော်နေ သေခဲလို့ဆိုတာ ချောင်ချောင်နေခဲ့ရင် သေတဲ့အခါ အကျပ်အတည်းနဲ့ တွေ့ရတတ်တယ်၊ ရှင်စဉ်အခါ ဘာသာရေး ကျင့်ဝတ်နဲ့အညီ စည်းနဲ့ကမ်းနဲ့ ခပ်ကျပ်ကျပ်နေပါမှ သေတဲ့အခါမှာ ချောင်ချောင်လည်လည်နဲ့ သေရတယ်၊ ကြပ်မတ်ဆိုတဲ့အတိုင်း ဘ၀မယိမ်းယိုင်ဖို့ တည်ငြိမ်ဖို့၊ မတိမ်းစောင်းဖို့၊ တည့်တည့်မတ်မတ်ဖြစ်ဖို့ သီလက ကြပ်ပေးတယ်၊ သီလက အကြီးအမှူးပြု ကြပ်ပေးလို့ ကြီးကြပ်တယ်လို့လည်း ဆိုနိုင်တယ်။
ဒီဘက်ဘ၀ စည်းနဲ့ကမ်းနဲ့ ထိန်းထိန်းသိမ်းသိမ်းနေမှ ဘ၀ကူးတဲ့အခါ ဘ၀ကူးကောင်းမယ်၊ စည်းမရှိ၊ ကမ်းမရှိ၊ အထိန်းအကွပ်မဲ့ ပျော်သလို ချောင်ချောင်နေခဲ့ရင် ဘ၀ကူး မကောင်းနိုင်ဘူး၊ နောင်ဘ၀ အကျပ်တွေ့မယ်၊ အခက်တွေ့မယ်ဆိုတဲ့ သဘောပါပဲ၊ ဘ၀ဆိုတာ သောတာပန် မဖြစ်မချင်း ဂတိမမြဲသေးဘူး၊ လားရာဘ၀က စိတ်မချရသေးဘူး၊ သောတာပန် ဖြစ်ပြီးပါမှ စိတ်ချရတယ်၊ အဲဒီအတွက် ဘာလိုလဲဆိုရင် အဟောင်းပြုတ်ဖို့ လိုပါတယ်၊ အဟောင်းပြုတ်မှ အဟုတ်ပြောင်းပါမယ်၊ တကယ်ပြောင်းပါမယ်၊ အမှန်ပြောင်းပါမယ်၊ အမှန်အကန် ပြောင်းပါမယ်၊ သေချာရေရာတဲ့ ပြောင်းခြင်းနဲ့ ပြောင်းပါမယ်၊ အဟောင်းဆိုတာ ဘာလဲဆိုတော့ အနမဂတဂ္ဂ သံသရာက စွဲကပ်ပါလာတဲ့ ဟောင်းနွမ်းလှပေမယ့် မဆွေးမြည့်နိုင်တဲ့ အပါယ်မျိုးစေ့ ငါဆိုတဲ့ သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိပါ၊ အဲဒီ ငါ...ငါ...ငါဆိုတဲ့ အတ္တအဟောင်း ပြုတ်ပါမှ အဟုတ်ပြောင်းမှာပါ။
ဘ၀အကူးအပြောင်း အရေးကြီးသလို နိုင်ငံရေးအကူးအပြောင်းကလည်း အရေးကြီးပါတယ်။ မိမိတို့ နိုင်ငံလွတ်လပ်ရေးခေတ်မှာ ၁၉၄၈၊ ၁၉၆၂၊ ၁၉၈၈၊ ၂၀၁၁ အကူးအပြောင်းကြီး လေးကြိမ်ခန့်မျှ ရှိခဲ့ပြီ၊ ၁၉၄၈ ဒီမိုကရေစီ အကူးအပြောင်းက မအောင်မြင်ခဲ့ဘူးပဲ ဆိုရမှာပါ။ ၁၉၆၂၊ ၁၉၈၈ ကတော့ ခေတ်နောက်ပြန်ဆွဲလို့ တန်းတူနိုင်ငံတွေရဲ့နောက်နှစ်ပေါင်း ငါးဆယ်လောက် နောက်ကျကျန်ခဲ့တယ်။ အခု ၂၀၁၁ မှာတော့ သမိုင်းဘီး တစ်ပတ်ပြန်လည် ပါတီစုံ ဒီမိုကရေစီဆိုတဲ့ ခေတ်တစ်ခုကို ပြောင်းခဲ့ပြန်ပြီ။
နိုင်ငံရေးဆိုတာ အနုပညာရပ်တစ်ခုလို့ ဆိုကောင်းဆိုနိုင်လိမ့်မယ်။ အနုပညာဆိုတာ သုခုမပညာ၊ သိမ်မွေ့တယ်၊ အနုစိတ်တယ်၊ အနုသဘောဆောင်တယ်၊ ဒါကြောင့် ဒေါ်စုနဲ့ ၈၈ အဖွဲ့ခေါင်းဆောင်တွေက သိမ်သိမ်မွေ့မွေ့နဲ့ သတိကြီးစွာ၊ စိုးရိမ်မှုကြီးစွာ ကိုင်တွယ်နေကြသလားပဲ။ ဒါပေမဲ့ အရွေ့က လိပ်သွားနှုန်းနဲ့ ဆိုရင်တော့ သည်းခံနိုင်မှာ မဟုတ်ဘူး။ အများပြည်သူတွေရဲ့ ဘ၀မှာတော့ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ခံရတာကလွဲလို့ ဘာမျှ ကောင်းကျိုးတစ်စုံတစ်ရာ မပြောင်းလဲတော့ အပြောင်းအလဲဆိုတာကို မယုံကြည်သလို ဒီမိုကရေစီ အင်အားစုတွေအပေါ် အားကိုးအားထား မှုကလည်း လျော့ကျလာတယ်၊ မျှော်သာမျှော် ပေါ်မလာတော့ စိတ်ကုန်လာကြတယ်။ အဟုတ်ပြောင်းမှာလားဆိုတာ ယုံဖို့ခက်လာတယ်။ အဟုတ်ပြောင်းချင်ရင်တော့ အဟောင်းပြုတ်မှ ဖြစ်မှာ။ အဟောင်းပြုတ်မှ အဟုတ်ပြောင်းမှာ။ အဟောင်းပြုတ်မှဆိုတော့ လူဟောင်း၊ မူဟောင်း၊ အကျင့်ဟောင်း၊ စိတ်ဓာတ်ဟောင်း၊ အတွေးအခေါ်ဟောင်း၊ အယူအဆဟောင်း၊ အစွဲအလမ်းဟောင်း၊ ဘယ်အဟောင်းတွေ ပြုတ်ရမှာလဲ။
ဦးစွာပထမ လူကိုကြည့်တော့ လက်ရှိ အုပ်ချုပ်ရေးပိုင်းနဲ့ ဌာနဆိုင်ရာ အကြီးအကဲပိုင်းမှာ လူဟောင်းက ရာခိုင်နှုန်း ၉၀ ခန့်ရှိတယ်။ ဒါတွေအားလုံး ပြုတ်ရမှာလား၊ လူသစ်ဘက်မှာ ကြည့်လိုက်တော့ နိုင်ငံတော်ကို တကယ် ဦးဆောင်စီမံခန့်ခွဲနိုင်မယ့် လူသားအရင်းအမြစ်က ရည်ရွယ်ချက်ရှိရှိနဲ့ အညွန့်ချိုးခံထားရတော့ သို့မဟုတ် အမြစ်ပြုတ်လုနီးနီး တူးဖြိုခံထားရတော့ လူသစ်ဘက်မှာလည်း နိုင်ငံတစ်ခုလုံး အတိုင်းအတာနဲ့ဆိုရင် နိုင်ငံယန္တရားတစ်ခုလုံး အဆင့်မီမီ လည်ပတ်အောင် မောင်းနှင်နိုင်ဖို့ မလုံလောက်ဘူးလို့ ဆိုရမှာပဲ။

တိုင်းပြည် မွဲရတယ်ဆိုတာ အဲဒီအကျင့်ပျက်မှုတွေက အဓိက အချက်တွေပဲ။ဒါကြောင့် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်မယ်ဆိုရင် အုပ်ချုပ်ရေးပိုင်း၊ တရားစီရင်ရေးပိုင်းမှာ ရှိနေတဲ့ လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှု၊ အကျင့်ပျက် ခြစားမှုဆိုတဲ့ အကျင့်ဟောင်းတွေ ပြုတ်အောင် အဓိက တိုက်ဖျက်ကြရမှာ။အဟောင်းပြုတ်မှ အဟုတ်ပြောင်းမယ်ဆိုတာ အဲဒီပုဂ္ဂိုလ်တွေရဲ့ အဲဒီအကျင့်ဟောင်းတွေက အဓိကပဲ  . . .
မျှခြေအရ အဟောင်းထဲမှာလည်း အကောင်းရှိနိုင်တယ်။ အသစ်ထဲမှာလည်း အဆိုးရှိနိုင်တယ်။အကောင်းအဆိုးကတော့ ဒွန်တွဲနေမှာ ဓမ္မတာပဲ၊ ဒီတော့ ဘာသာရေးမှာ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ အစွန်းနှစ်ပါး လွတ်ဖို့လိုသလို လက်ရှိ မိမိတို့နိုင်ငံရေးမှာလည်း ယင်းအစွန်းနှစ်ပါး လွတ်ဖို့လိုလာတယ်။ အဟောင်းတွေချည်းပဲ ခရီးဆက်မယ်ဆိုရင် သဿတဒိဋ္ဌိ အစွန်းထွက်တယ်။ အဟောင်းတွေကို အကုန်ဖြုတ်၊ အသစ်တွေချည်းပဲ စခန်းသွားမယ်ဆိုရင်လည်း ဥစ္ဆေဒဒိဋ္ဌိ အစွန်းထွက်သွားမယ်။ အဟောင်းနဲ့အသစ် နိုင်ငံ့အကျိုးဆိုတဲ့ ဘုံရပ်တည်ချက်အပေါ်မှာ တူညီစွာ ရပ်တည်ကာ သင့်လျော်သလိုသွားမှ အစွန်းနှစ်ပါး လွတ်ပြီး မဇ္ဈိမပဋိပဒါ ကျမယ်ထင်တယ်။ ဒါပေမဲ့ အဟောင်းထဲမှာ အနီးကပ်ဆုံးဥပမာ အင်ဒိုနီးရှား သမ္မတဗိုလ်ချုပ်ကြီးဟောင်း ယူဒိုယိုနိုတို့လို တိုင်းပြည်အကျိုးကို တကယ်ဆောင်ရွက်နိုင်စွမ်းရှိတဲ့ စိတ်စေတနာစွမ်း၊ သတ္တိဗျတ္တိစွမ်းရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေပါဖို့တော့ လိုအပ်တယ်။
မူဆိုတာတော့ မူဝါဒ၊ စည်းကမ်း ဥပဒေတွေပါပဲ။ ဥပဒေရဲ့ အဓိပ္ပာယ်က ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့၊ ပြည်သူ့ အကျိုးဆောင်ဖို့၊ ပြည်သူကို စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်အောင် ကူညီဆောင်ရွက်ဖို့ ဒီအဓိပ္ပာယ် ထွက်ရမယ်။ အဲဒီအဓိပ္ပာယ်ကို   မဆောင်တဲ့ ပြည်သူကို ဖိနှိပ်လိုတဲ့၊ နှိပ်စက်လိုတဲ့၊ ဒုက္ခပေးမယ့် အာဏာရှင်တွေရဲ့လက်သုံးတော်သန်လျက် ဥပဒေဟောင်းတွေကိုတော့ အကုန်ဖြုတ်ပေး၊ ဖျက်ပေးရမယ်။ အခု ၂၀၀၈ နာဂစ်အခြေခံ ဥပဒေကြီးဟာလည်း ပြည်သူဘက်က မရပ်တည်ဘူး၊ ပြည်သူတို့ ကောင်းကျိုးကို မကြည့်ဘူးလို့ ပညာရှင်တို့က ဆိုကြတယ်။ ပြည်သူလူထု အကျိုးစီးပွားကို ထိခိုက်နစ်နာစေမယ့် ဥပဒေဟောင်းမှန်သမျှကတော့ အကုန်ဖျက်ပေး၊ အကုန်ဖြုတ်ပေးရမယ်။ အခု NLD က ၂၀၀၈ ဖွဲ့စည်းပုံနဲ့စပ်လို့ ပြင်ဆင်လိုတဲ့အချက် ၁၀၀ ကျော်ရှိကြောင်း ထုတ်ပြန်ထားတယ်။ တချို့က ၁၅၀ ကျော် ရှိကြောင်း ဆိုတယ်။ ပြည်သူအများစုကတော့ ဘာဥပဒေမှ သိပ်နားလည်တာ မဟုတ်ဘူး။ ဒီတော့ ဥပဒေပညာရှင်တွေက ဥပဒေနဲ့စပ်လို့ ပြည်သူတွေကို အရေးကြီးတဲ့ ဥပဒေတွေ ထိုက်သင့်သလောက် သိရှိနားလည်အောင် ပြည်သူ့အကျိုးဆောင်ပေးဖို့ လိုလိမ့်မယ်။ ဒါဟာ အရေးကြီးတဲ့ နိုင်ငံရေးပဲ။
အကျင့်ဟောင်းတွေကတော့ ယခင် စစ်အစိုးရ အဆက်ဆက် တိုင်းပြည်ကို ဦးဆောင်ခဲ့သူတွေ ကိုယ်ကျိုးရှာမှု၊ အဂတိလိုက်စား အကျင့်ပျက် ခြစားမှုတွေပဲ။ တိုင်းပြည် မွဲရတယ်ဆိုတာ အဲဒီအကျင့်ပျက်မှုတွေက အဓိက အချက်တွေပဲ။ ဒါကြောင့် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်မယ်ဆိုရင် အုပ်ချုပ်ရေးပိုင်း၊ တရားစီရင်ရေးပိုင်းမှာ ရှိနေတဲ့ လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှု၊ အကျင့်ပျက် ခြစားမှုဆိုတဲ့ အကျင့်ဟောင်းတွေ ပြုတ်အောင် အဓိက တိုက်ဖျက်ကြရမှာ။ အဟောင်းပြုတ်မှ အဟုတ်ပြောင်းမယ်ဆိုတာ အဲဒီပုဂ္ဂိုလ်တွေရဲ့ အဲဒီအကျင့်ဟောင်းတွေက အဓိကပဲ။ နောက်ထပ် အရေးကြီးတာက သူတို့နဲ့ နွယ်တဲ့ မျိုးဆက်လူသစ်တန်းတွေမှာလည်း အတုမြင် အတတ်သင်ဆိုသလို အဲဒီအကျင့်ဆိုးတွေပါ မလာဖို့ လိုအပ်တယ်။
၂၀၁၂၊ ၂၀၁၃ အတွင်းမှာ ရခိုင် မိတ္ထီလာစတဲ့ ဘာသာရေး လူမျိုးရေးအသွင်ယူ ပဋိပက္ခတွေ။ ၂၀၁၃၊ ၁၀ လပိုင်းမှာ တစ်နိုင်ငံလုံး ချိန်ကိုက်ပေါက်ကွဲလိုက်တဲ့ ဗုံးတွေ၊ ဒါတွေဟာလည်း ယခင်အစိုးရတွေရဲ့လက်ထက် ကတည်းက ဖြစ်လေ့ဖြစ်ထရှိတဲ့ အကျင့်ဆိုး အကျင့်ဟောင်းတွေပါ။ ဒီအဟောင်းတွေလည်းပြုတ်မှ အဟုတ်ပြောင်းမှာ။ နောက်ပိုင်း နှစ်နှစ်ဆယ်ကာလမှာ ပြည်သူတွေမှာလည်း အကျင့်တွေ၊ စိတ်ဓာတ်တွေ၊ စည်းကမ်းပိုင်းတွေ ယိုယွင်းပျက်စီးကုန်တယ်။ ပြည်သူတွေဘက်ကလည်း အဲဒီအကျင့်ဟောင်း၊ စိတ်ဓာတ်ဟောင်းတွေ ပြုတ်ဖို့၊ ပြင်ဖို့လိုတယ်။
စိတ်ဓာတ်ဟောင်း ဆိုတဲ့နေရာမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ သူတို့နဲ့ ခရိုနီခေတ်ပျက် သူဌေးတွေရဲ့ စိတ်ဓာတ်တွေက အဆိုးဆုံးပဲ။  နိုင်ငံတစ်ခုလုံးရဲ့ပိုင်ဆိုင်မှု တစ်ဝက်ကျော်ကျော်က သူတို့လက်ထဲမှာ ရောက်သွားပြီး တိုင်းပြည်ကတော့ အခွံပဲ ကျန်တယ်။ သူတို့ကတော့ ကမ္ဘာ့တန်းဝင် သူဋ္ဌေးကြီးတွေ ဖြစ်ကုန်တယ်။ ပြည်သူသန်း ၆၀ မှာတော့ ဆင်းရဲတွင်းက နက်သထက် နက်သွားတယ်။ နိုင်ငံရေးကို စီးပွားဖြစ်လုပ်လိုတဲ့ နိုင်ငံရေး လုပ်စားလိုတဲ့ စိတ်ဓာတ်တွေ ဒီစိတ်ဓာတ်တွေဟာ ၀ိသမလောဘ မသမာတဲ့ စိတ်ဓာတ်တွေပဲ။ အဲဒီ စိတ်ဓာတ်ဟောင်းတွေ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အစိုးရပိုင်းမှာရော၊ အခြားဌာနဆိုင်ရာ အကြီးအကဲတွေမှာရော ပြုတ်ဖို့၊ ဖြုတ်ဖို့ လိုပါတယ်။ တချို့နေရာတွေမှာ လူနဲ့မူက ခွဲလို့မရဘူး။ လူပြုတ်မှ မူပြုတ်မှာ ဆိုရင်တော့ လူပါ ဖြုတ်တန်က ဖြုတ်ရမှာပဲ။ ဒီအဟောင်းတွေပြုတ်မှ အဟုတ်ပြောင်းမှာပဲ။
စိတ်ဓာတ်ထဲကနေ အတွေးအခေါ်တွေ အယူအဆတွေ ထွက်လာတယ်။ ဒါပေမဲ့ အဲဒီအတွေးအခေါ် အယူအဆတွေကပဲ စိတ်ဓာတ်ကို ဦးဆောင်သွားတယ်။ ခေတ်အဆက်ဆက် တိုင်းပြည်ကို ဦးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ ကိုယ့်အကျိုး ကိုယ့်စီးပွားကိုသာ တစ်ဖက်သတ်တွေးတဲ့ အတွေးအခေါ် ဟောင်းတွေ တိုင်းပြည်ကို ငါတို့အုပ်စုက ဦးဆောင်မှသာ ဖြစ်မယ်၊ နိုင်ငံရေးမှာ ငါတို့ပါမှ ဖြစ်မယ်လို့ ယူဆနေတဲ့ အယူအဆဟောင်းတွေ ပြုတ်ဖို့ လိုပါတယ်။ သူတို့တစ်တွေ လုပ်ခဲ့တဲ့ နိုင်ငံရေးဆိုတာ သူတို့တစ်တွေအတွက် ဘ၀ပဒေသာပင် ပေါက်ခဲ့တာဖြစ်တော့ ဒီလိုနိုင်ငံရေး လုပ်ရတဲ့အပေါ်မှာ ဥပါဒါန် ပြင်းပြင်းနဲ့ စွဲလမ်းကောင်းစွဲလမ်း နေပါလိမ့်မယ်။ အင်မတန် ဆိုးရွားလှတဲ့ အဲဒီအစွဲအလမ်း ဟောင်းတွေလည်း ပြုတ်ဖို့လိုပါတယ်။ အဟောင်းပြုတ်မှ အဟုတ်ပြောင်းပါလိမ့်မယ်။
အစောပိုင်းမှာ ပြောကြတာက နိုင်ငံရေးကတော့ ပြောင်းပါရဲ့။ စီးပွားရေးက မပြောင်းဘူးလို့ ပြောကြတယ်။ နိုင်ငံမှာ တကယ့်စီးပွားရေးက ဦးပိုင်စီးပွားရေးနဲ့ ခရိုနီစီးပွားရေးပဲရှိတာ။ သာမန်အရပ်သားမှာ စီးပွားရေး မရှိဘူး။ ထမင်းစားဖို့လောက်ပဲ ရှိတာ။ ဒီတော့ ဦးပိုင်စီးပွားရေး၊ ခရိုနီစီးပွားရေး၊ အရပ်သား စီးပွားရေး သုံးခု အချိုးညီသွားမှ နိုင်ငံ့စီးပွားရေးက ပြောင်းမှာ။ အဟုတ်ပြောင်းဖို့ဆိုရင် အဟောင်းပြုတ်ဖို့ လိုပါတယ်။

No comments:

Post a Comment